ဘန်ကောက်မြို့ ရဲဘော်သုံးကျိတ် သွေးသောက်ပွဲ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း

၆၆ နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုဖေါ်ပြအပ်ပါသည်

ရဲဘော်တို့ …
ရဲဘော်တို့သည် မိမိတို့၏ အသက် သားမယား အိုးအိမ် စည်းစိမ်ဥစ္စာ ပစ္စည်းတို့ကို စွန့်ပစ် ခွဲခွာကြခြင်း မပြုနိုင်ကြပါလျှင် ဤဗမာ့ လွတ်လပ်ရေး တပ်မတော် အတွင်း အမှုထမ်း အဖြစ်နဲ့ မဝင်ရောက်ကြ စေလိုပါ။ သည်ကဲ့သို့ မစွန့်လွှတ်နိုင်ကြလျှင် ယခုကပင် ဗမာ့ လွတ်လပ်ရေး တပ်မတော်၌ အမှုထမ်းကြခြင်း မပြုကြဘဲ နှုတ်ထွက်နိုင်ကြပါတယ်။
စစ်ဟူသည် နိုင်မည် ရှုံးမည်ကို အသေအချာ မပြောနိုင်ပါ။ သေမည် ရှင်မည်ဟုလည်း မသိနိုင်ပါ၊ ပြောလည်း မပြောနိုင်ပါ၊ ယခုဆိုရင် အင်္ဂလိပ်နဲ့ ဂျပန်တို့ဟာ အပြန်အလှန် စစ်ကြေညာ၍ တိုက်ခိုက်ကြသော စစ်ပွဲ ဖြစ်နေပါသည်။ ဤစစ်ပွဲ အတွင်း ရဲဘော်တို့ဟာ ဗမာ့ လွတ်လပ်ရေး အတွက် ပါဝင် ဆင်နွှဲကြရမည် ဖြစ်ရာ တိုက်ပွဲများ အတွင်း၌၊ ဂျပန် ဖြစ်စေ၊ အင်္ဂလိပ် ဖြစ်စေ သုံ့ပန်း အဖြစ် အရှင် လက်ရ ဖမ်းဆီးမိကြရင် သတ်ပစ်ကြရတဲ့ စည်းကမ်း သတ်မှတ်ချက်များ မရှိကြသဖြင့် နှိပ်စက် ညှင်းဆဲ သတ်ဖြတ်ခြင်း မပြုကြဘဲ ကောင်းကောင်း မွန်မွန် စောင့်ရှောက် ထိန်းသိမ်း ထားကြရမည်။
ရဲဘော်တို့ …
ငါတို့တော့ ရန်သူ အင်္ဂလိပ်များက အရှင်လက်ရ ဖမ်းဆီး၍ ရရှိသွားကြပါမူ ပုန်ကန်ကြသူများ အဖြစ် ကြိုးစင်၊ ဒါမှမဟုတ်လဲ တသက်တက္ဆွန်း စီရင်၍၊ ထောင်သွင်း အပြစ်ပေးကြမည် အမှန်ပင် ဖြစ်ပေမည်။ အဲ ရဲဘော်တို့ ငါတို့ဟာ မကြာမီပင် ဗမာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ်များကို လက်နက် စွဲကိုင်၍ ဆင်နွှဲကြရ ပါတော့မည်။
ရဲဘော်တို့ …
ရဲဘော်တို့ ငါတို့မှာ စစ်တိုက်ရင်း စားသောက်ကြရန် စားရေ ရိက္ခာ အစားအစာဆိုလို့ လုံးဝ မရှိ၊ ဝတ်ဆင်စရာ အဝတ်ဆိုလို့လည်း တထည် တပိုင်းမျှ မရှိ၊ ဒါကြောင့်မို့လို့ ရဲဘော်တို့ သည်စစ်ပွဲ တလျှောက်မှာ အိပ်ကြရဖို့ မြေကြီး၊ စားသောက်ကြစရာဆိုလို့ ကျောက်ခဲနဲ့ သလဲပဲ ရှိကြမယ်။ ဒါပဲ ငါတတ်နိုင်တယ်။ ဒီ ဗမာ့ လွတ်လပ်ရေး တပ်မတော်အတွင်း ဝင်ရောက် စစ်မှုထမ်းကြခြင်းဖြင့် ရာထူး စသည် အခွင့်အရေး ရရှိကြလိမ့်မည် သူဋ္ဌေး သွူ့ကယ်များကြီးများ ဖြစ်ကြရလိမ့်မည်ဟု မမျှော်လင့်ကြပါနဲ့။ အကြီးဆုံး လာဘ်ကတော့ သေမင်းပဲ။
ရဲဘော်တို့ …
အေး … ဒါပေမဲ့ ကံအားလျော်စွာ စစ်နိုင်ကြလို့ ဗမာ့ လွတ်လပ်ရေး ကြေညာခွင့် ရရှိခဲ့ကြမူ မြန်မာနိုင်ငံတော်ကို အထူးတိုးတက် ကောင်းမွန်အောင် တည်ဆောက်ကြဖို့ပဲ၊ ဒီလို နိုင်ငံတော်ကို တည်ဆောက်လို့ တိုးတက် ထွန်းကားလာသည့် အဖြစ် ရောက်ရှိခဲ့သည် အထိ တည်ဆောက် ဖန်တီး နိုင်ခဲ့ကြတဲ့ အခါဆိုရင် ရဲဘော်တို့ရဲ့ ကိုယ်အား စိတ်အား စသည်တို့ဖြင့် စွမ်းအားရှိသမျှ တတ်နိုင်ကြသလောက် ကြိုးစား အားထုတ်ကြသည့် အလိုက် ထိုက်ထိုက် တန်တန် အကျိုးခံစားခွင့် အမှန်ရရှိကြမှာပဲ။
ရဲဘော်တို့ …
အကယ်၍ စစ်အနိုင်ရကြလို့ ငါတို့ လွတ်လပ်ရေး ကြေညာခွင့် ရရှိကြပြီး အသက် ရှင်လျက် အနားယူကြတဲ့ အခါ ရဲဘော်တို့ဟာ အိုးပိုင် အိမ်ပိုင်များ အပေါ် စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် အိပ်ပြီးစား၊ စားပြီး အိပ်နိုင်ကြရမည့် အပြင် သာသာယာယာ ပြည့်ပြည့်စုံစုံ နေထိုင် စားသောက် နိုင်ကြရလိမ့်ဟု ယုံကြည်တယ်။ အေး … နိုင်ငံတော်ရဲ့ ကိုယ်စားလဲ ငါ အာမခံချက် ပြုလိုက်ပါတယ်။
ရဲဘော်တို့ …
စကား များများ ပြောကြဖို့ အချိန်အခါ မဟုတ်သေးဘူး၊ နိုင်ငံတော် လွတ်မြောက်ရေး တိုက်ပွဲဝင် ဆင်နွှဲကြဖို့ နိဂုံးချုပ်စကား မှာကြားလိုက်ပါတယ် … ရဲဘော်တို့။
စစ်ကိုင်းဟန်တင် မှတ်ချက် ။ ။ ၁၃၂၂ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်၊ အင်္ဂါနေ့ (၂၂၊ ၁၁၊ ၆ဝ) ဗိုလ်လင်္ကျာထံ မြန်မာနိုင်ငံတော် မှတ်တမ်း အတွက် တွေ့ဆုံ မေးမြန်ခဲ့စဉ် ကိုယ်ပိုင် မှတ်တမ်း စာအုပ် ထုတ်ပေးသဖြင့် ခွင့်ပြုချက် အရ ထည့်သွင်းခြင်း ဖြစ်သည်။

No comments:

Post a Comment

Something Say